ဂါရဝေါစနိဝါတောစ-ရိုသေထိုက်သူအားရိုသေခြင်း၊ မိမိကိုယ်အားနှိမ့်ချခြင်းသည်လည်း
မင်္ဂလာတစ်ပါးဖြစ်သည်ဟု မြတ်စွာဘုရားရှင်ဟောကြားခဲ့ပါသည်။ ကျွန်တော်တို့ အားလုံးဟာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်နှင့်အညီ ဘုရားရှင်၏အဆုံးအမကို နာခံသူ များပီသအောင် နေထိုင်ကျင့်ကြံကြသင့်ပေသည်။ ထိုကဲ့သို့နေထိုင်ကျင့်ကြံ သူများသည် လည်း တစ်နည်းအားဖြင့် သာသနာအကျိုး သယ်ပိုးနေခြင်းပင်ဖြစ်ပါတယ်။ ထိုကဲ့သို့ ကျင့်ကြံသူပုဂ္ဂိုလ်အား ကိုးကွယ် ဆည်းကပ်ခြင်းသည်လည်း မြတ်သောကိုးကွယ်ခြင်း ပင်ဖြစ်ပါသည်။ ထို့ထက်ပို၍လောကီကို စွန့်ကာသာသနာဘောင်သို့ဝင်၍ ကိလေသာ ကင်းအောင် အားထုတ်နေသည့်ရဟန်း၊ သံဃာများကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ပို၍မြင့်မြတ်ပေသည်။မြတ်ဘုရား၏သာသနာတွင် တစ် စုံတစ်ဦး၏ မြင့်မြတ်မူအားသီလ၊ သမာဓိ၊ ပညာဖြင့်သာ တိုင်းတာပေသည်။ ရဟန်းသံဃာများ သည် သိက္ခာပုဒ် ၂၂၇ ခု အကျယ်အားဖြင့် ကုဋ္ဋေကိုးထောင်ရှိသော ၀ိနည်းတော်များအား စောင့်ထိန်းကြ ရပေသည်။ ထိုကဲ့သို့ သီလအရာ၊ သမာဓိအရာ၊ ပညာအရာတွင်စောင့်ထိန်း ထားသည့်ရဟန်း၊ သံဃာများအား၊ ငါးပါးသီလအား မနည်းလုံအောင်ထိန်းနေရသည့် မိမိတို့ ပုထုဇဉ်များ အနေဖြင့် စိတ်ဖြင့်ပင်မပြစ်မှားသင့်ပါ။ ကျွန်တော် သိတတ်စအရွယ်က သံဃာ တော်အရှင်သူမြတ်များ ကြွလာလျှင်အရှင်သူမြတ်၏ ခြေအစုံအားဦးတိုက်၍ သပိတ်ယူ၍ ဆွမ်းလောင်းသည် များရှိပါသေးသည်။ ယခုအခါ ထိုအလေ့များ ပျောက်ကွယ်လုနီးပါးဖြစ်၍ လက်အုပ်ချီ၍ ရှိခိုးရသည်ကိုပင် ရှက်ကြောက်နေသူများအား ၀မ်းနည်းဖွယ် တွေ့မြင်ခဲ့ ရပါသည်။ ရဟန်း၊ သံဃာများမဆိုထားနှင့် ကိုရင်ငယ်လေးပင်ဖြစ်ပါစေ မရိုမသေဖြင့် ဆွမ်း မလောင်းသင့်ပါ။ အဘယ့်ကြောင့်ဆိုသော်ကိုရင်၏သီလသည် (၁၁၉)ပါးရှိပါသည်။ ထိုကဲ့သို့ သီလဆင်းမြန်းထားသည့် ရဟန်းသံဃာ၊ ကိုရင်များသည်သာသနာကြီး အဓွန့်ရှည်ကြာ တည်တံ့စေရေးနှင့် သံသရာမှလွှတ်မြောက်ကြောင်းတရားများကို ဟောကြားပြသပေးမည့် မိမိတို့၏ ဆရာကောင်း၊ ဆရာမြတ် များဖြစ်သောကြောင့်ပင်။ သူတော်ကောင်း သူမြတ်လောင်း များအား လက်အုပ်ချီမိုးရခြင်းကို မိမိတို့အနေဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်သင့်လှပေသည်။ ၀မ်းမြောက်ဝမ်းသာဖြစ်သည်နှင့်အညီ အကျိုးကျေးဇူးလည်းကြီးမားလှပါသည်။ ထိုအတူ သာ သနာ ၀န်အားထမ်းဆောင်နေကြသည့် ဆရာတော်၊ သံဃာတော်များနည်းတူ ဆရာလေး (မယ်သီလရှင်) များသည်လည်း ကိုးကွယ်ဆည်းကပ်ရမည့် သူတော်ကောင်းများဖြစ်ပါသည်။ ဆရာလေး(မယ်သီလရှင်) အား လူအများစုက ရှိမခိုးသည်ကိုတွေ့ရပါသည်။ ကျွန်တော်သည် လည်း ယခင်ကရှိခိုးရ၊ မရှိခိုးရအား ဇဝေဇ၀ါဖြစ်ခဲ့ဖူး၍ ထိုအကြောင်းအား မေးမြန်းမှသိခဲ့ ရပါသည်။ ဆရာလေးများ၏စောင့်ထိန်းရ သောသီလ(၉၃)ပါးရှိပါသည်။ အချို့က ဆရာလေး များအား မိမိသူငယ်ချင်းကဲ့သို့ ဆက်ဆံနေကြသည်ကိုလည်း တွေ့နေရပါသည်။ မိမိကိုယ် မိမိ အကုသိုလ်ဖြစ်နေမှန်းပင်မသိကြတော့ပေ။ အကျင့်သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်အားရှိခိုးခြင်း သည် မြတ်သောရှိခိုးခြင်းပင်။ ဆွမ်းလောင်းလှူရာ၌ လောင်းစရာဆွမ်းမရှိလျှင်ပင် ကန်တော့ ဆွမ်းအား အရိုအသေ လက်အုပ်ချီမိုး၍ရှိခိုး သင့်ပေသည်။ လူပုဂ္ဂိုလ်များသည် မိမိထက် အသက်ငယ်သောသီလရှင်များကို ရှိခိုးဦးချနိုင်သည်။ သီလရှင်များသည် မိမိထက် အသက် ကြီးသောလူပုဂ္ဂိုလ်တို့အား ရှိခိုးဦးချခြင်းမပြုရပါ။ အကြောင်းမှာ သီလရှင်များသည် သာသနာ အနွယ်ဝင်(ဘိက္ခုနီနွယ်ဝင်)ဘိက္ခုနီအသွင်ကိုဆောင်သော ပုဂ္ဂိုလ်များဖြစ်ပါသည်။ သီလရှိ သည်ဖြစ်စေ၊ သီလမရှိသည်ဖြစ်စေ၊ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဘိက္ခုနီအ သွင်ကိုဆောင်ထားခြင်းသည်ပင် သာသနာတည်ခြင်း၏ အကြောင်းရင်းဖြစ်၍ ရှိခိုးဦးချထိုက် လှပါသည်။လူပုဂ္ဂိုလ်သည် အသက်ကြီးရုံတင်မက အနာဂါမ်ကြီးဖြစ်စေကာမူ ယနေ့ပြုသစ်စ ကိုရင်လေးကိုရှိခိုးထိုက်၏။

ထို့ကြောင့်ထင်ရှားသောအသွင်များကို မဆိုထားနှင့် သာသနာကွယ်ကာနီးတွင် နားရွက်၊ လည်ပင်း၌ သင်္ကန်းအစလေးချည်ထားသောပုဂ္ဂိုလ်ကိုပင် ရဟန်းသံဃာအမှတ်လှူဒါန်း လျှင် သံဃိက အကျိုးကျေးဇူးများရနိုင်ပါ သေးသည်ဟူ၍ (ပူဇာစ ပူဇနေယျာနံ) ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်ကောင်းမြတ်သောမင်္ဂလာ တစ်ပါးဖြစ်ကြောင်းဖော်ပြလို၍ ဤပို့စ်အားရေးသား
အပ်ပါသည်။

2 Comments:

  1. mgngal said...
    အနှစ်သာရပြည့်ဝတဲ့ ဆောင်းပါးတစ်ပုဒ်ပါ အစ်ကို။မှတ်သားစရာတွေ ကို မှတ်သားပြီး အကောင်းဆုံး
    လိုက်နာသွားပါမယ် ။
    အလှတရား said...
    တန်ဖိုးရှိပါပေသည်

Post a Comment